အာဇာနည်ခေါင်းဆောင် ဦးရာဇတ်ရဲ့သား မေးလိုက်တဲ့ စိတ်အဝင်စားဆုံး မေးခွန်း (၂) ခု

“ကျွန်တော် စိတ်အဝင်စားဆုံး နှစ်ခုပဲရှိပါတယ်။ ကျွန်တော့်အဖေ ဝတ်ခဲ့တဲ့လက်စွပ်၊ သက်တော်စောင့်ကိုထွေးရဲ့သေနတ် ဘယ်မှာလဲ”

(အာဇာနည်ခေါင်းဆောင် ဦးရာဇတ်၏သားကြီး ဦးတင်မြင့်နှင့်အင်တာဗျူး)

အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ယခုနှစ် ဇူလိုင်လ ၁၉ ရက်ဆိုလျှင် ၇၂ နှစ်ပြည့်ပြီဖြစ်သည်။ ဦးရာဇတ် သည် ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်း ဝန်ကြီးအဖြစ် တာဝန်ယူနေသူဖြစ်ပြီး ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် (စနေနေ့) နံနက် ၁ဝ နာရီ ၃၇ မိနစ်အချိန်တွင် အတွင်းဝန်ရုံး၌ မသမာသူ တို့၏လက်ချက်ဖြင့် အခြားခေါင်းဆောင်များနှင့်အတူ အသက်ဆုံးရှုံးခဲ့ရသည်။ ယင်းအဖြစ်အပျက်သည် မြန်မာ နိုင်ငံအတွက် အစားထိုး၍မရသော ဆုံးရှုံးမှုကြီးတခုဖြစ်ခဲ့ရသည်။ ထို့ကြောင့် အာဇာနည်နေ့နှင့်ပတ်သက်၍ အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်၏ သားအကြီးဆုံးဖြစ်သူ ဦးတင်မြင့်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

x အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့အချိန်မှာ ဆရာက ဘယ်အရွယ်ရောက်နေပြီလဲ။ အဲဒီတုန်းက တွေ့ကြုံခဲ့ ရတာလေးတွေ သိပါရစေ။

– အာဇာနည်တွေကျဆုံးတဲ့နေ့က ကျွန်တော်က ကျောင်းတက်နေတာ။ အဲဒီနေ့က စနေနေ့ပေါ့။ ကျွန်တော်က မြို့မ အမျိုးသား ကျောင်းမှာနေတာ။ အဲဒီက ဝါတွင်းဖြစ်တော့ ဥပုသ်နေ့နဲ့ တနင်္ဂနွေပဲပိတ်တယ်။ ခါတိုင်းဆိုရင် စနေနေ့ဆိုရင် အဖေ့ရုံးကို လိုက်လိုက်သွားတယ်။ အဲဒီနေ့က အဖေမသွားခင်ကတော့ မော်တော်ကားဘီး ပေါက်တယ်။ အဲဒါကလည်း အချိန်မီ ပြင်ပြီးသွားတာပေါ့။ အစည်းအဝေးလုပ်တဲ့အခန်းနဲ့ ကျွန်တော့်အဖေအခန်းက ကပ်ရပ်ဆိုတော့ အဖေက မျက်မှန် ကျန်လို့ သူ့အခန်းထဲ ပြန်ဝင်ယူတယ်။ ပြီးရင် အစည်းအဝေးခန်းထဲ ဝင်သွားတယ်။ ဝင်တာသွား သိပ်မကြာဘူး ပစ်တာ ခတ်တာ ဖြစ်သွားတာ။ ဒါကတော့ အဲဒီနေ့ရဲ့ အမှတ်တရပေါ့။ အဲအချိန်တုန်းက ကျွန်တော့် အသက်က ၆နှစ်ကျော်လောက် ပဲ ရှိသေးတယ်။ နည်းနည်းလေးတော့ မှတ်မိတာပေါ့။ အများကြီးတော့ မမှတ်မိတော့ဘူး။ အဖေကတော့ ကျွန်တော်နဲ့က မနက်တိုင်းလိုလို ဘောက်ဆင်ကစားတယ်။ နောက်ပြီးတော့ အဖေက ဂေါက်ရိုက်တယ်။ ဘားမားဂေါက်ကလပ်ပေါ့။ အဲဒီကို ကျွန်တော်လိုက်ဖူးတယ်။ အဲတုန်းက ကျွန်တော်တို့နေမယ့်အိမ်က မပြီးသေးဘူး။ ပြင်နေတုန်းဆိုတော့ အိမ်နဲ့ ကပ်ရပ် ခြံမှာနေနေရတာ။ ညနေဆိုရင် လူကြီးတွေ စကားပြောလို့ရှိရင်လည်း ထိုင်ပြီးနားထောင်ရ တာပေါ့။ အမေကတော့ မန္တလေးကနေ ရန်ကုန်ကိုပြောင်းလာကာစ၊ ရန်ကုန်ရောက်ရင် အနားယူမယ်ဆိုပြီး စီစဉ်ထားချိန်မှာပဲ ဗြုန်းဒိုင်းဖြစ်သွား တော့ တော်တော်ခံစားခဲ့ရတယ်လို့ အမေက ပြောပြပါတယ်။အဖေက အစ္စလာမ်ဘာသာကိုးကွယ်တယ်။ ဒါပေမဲ့ သူ့အစ်မက ဗုဒ္ဓဘာသာ၊ သူ့ညီအစ်ကို မောင်နှမအားလုံး ဗုဒ္ဓဘာသာ။ အဖေ့နာမည်ရာဇတ်ဆိုတဲ့ နာမည်နဲ့ပတ်သက်ပြီး ဆရာတော်တွေက ပြောတယ်။ ဒကာကြီး ရာဇတ်ဆိုတဲ့ အဖေပေးထားတဲ့ နာမည်ကို မပြောင်းနဲ့။ အမှန်က သူ့နာမည် ကိုကိုကြီး။ ကိုကိုကြီးလို့ ခေါ်ကြတာပေါ့။ ဒါပေမဲ့ အဲဒီနာမည် မသုံးပါဘူး။ သူ့အဖေပေးထားတဲ့ နာမည်၊ သူ့အဖေကိုးကွယ်တဲ့ ဘာသာကို လေးစားတဲ့အနေနဲ့ ဒီဘာသာကို ဆက်လက်ပြီးတော့ ကိုးကွယ်တာပေါ့။ အဲတော့ ပြောရမယ်ဆိုရင် အဖေ့ကျောင်းမှာ ဘုရားခန်းရှိတယ်။ ကျောင်းတက်ပြီးတာနဲ့ ဘုရားခန်းမှာ ဝတ်ပြုရတယ်။ အဲဒီမှာ ဝတ်မပြုချင်ဘူး၊ ပျင်းတယ်ဆိုတဲ့ ကျောင်းသားတွေရှိတော့ အဖေက ကြိမ်လုံးနဲ့စောင့်နေတာ။ ဝတ်မပြု တဲ့သူကတော့ သူ့ရဲ့ ကြိမ်လုံးစာမိပြီပေါ့။ နောက်ပြီးတော့ သူ့ကျောင်းမှာက ကိုရင်တွေကို သင်္ကန်းဝတ်နဲ့ ကျောင်းတက်ခွင့်ပေးတာ အဲဒီအချိန်က သူ့ကျောင်းတကျောင်းပဲရှိတယ်။ ဆယ်တန်းအောင်တဲ့ ဓာတ်ပုံတွေမှာ ကိုရင်ဝတ်နဲ့ ရိုက်ထားတဲ့ ပုံတွေလည်းရှိတယ်။ နောက် စစ်ပြေးတဲ့အခါ မင်းကွန်းရောက်သွားတာပေါ့။ မင်းကွန်းမှာလည်း အဖေက စာသင်ပေးတယ်။ ကျွန်တော့်အဖေက ပါဠိကို အင်မတန်ဝါသနာပါတာ။ ပါဠိပဲလိုက်စားတယ်။ ကိုရင်တွေ အလွတ် ကျက်နေတာတွေ့ရင် အဖေက လိုလားပုံမရဘူး။ အဓိပ္ပာယ်နဲ့ နားလည်အောင် ရှင်းပြပေးတယ် ။ အဲလိုနေ ခဲ့တာ ပါ။

အဖေက ပညာရေးနဲ့အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဝန်ကြီးပေါ့။ ဆိုတော့ အများသိနေကြတာကတော့ ပညာရေးဝန်ကြီး ပေါ့။ သူ့လက်ထက်မှာ မန္တလေးတက္ကသိုလ်ကြီးကို ဖြစ်အောင်လုပ်ပေးခဲ့တယ်။ နောက် အမျိုးသားစီမံကိန်း။ တိုင်းပြည် ထူထောင်တဲ့အချိန်မှာ အမျိုးသားစီမံကိန်းဆိုတာ အလွန်အရေးကြီးတယ်။ ဒါကြောင့်မို့လည်း ဗိုလ်ချုပ်အောင်ဆန်းက သူ့ကိုတာဝန်ပေးတာ။ အဲဒီအချိန်မှာ အမျိုးသားစီမံကိန်းကို လူတွေက သိပ်မသိကြဘူး။ ဘာလုပ်ခဲ့လဲဆိုတာ မသိကြဘူး။ ဆိုလန်တိုဗီလာဆိုတာ ပြည်လမ်းမှာရှိတယ်။ အဲဒီမှာ အစည်းအဝေးလုပ်တယ်။ လုပ်တော့ အမျိုးသားစီမံကိန်းနဲ့ပတ်သက် ပြီးတော့ စာရင်းအင်းရှာဖွေရေး အဖွဲ့၊ စီမံကိန်းရေးဆွဲတဲ့အဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့ အဲလိုလုပ်ထားတယ်။ ဒါပေမဲ့ ဇူလိုင်လ ကျတော့ အားလုံး လုပ်ကြံခံလိုက်ရတော့ ဒီဟာတွေဟာ အကောင်အထည်ပေါ်မလာဘူးပေါ့။

x အာဇာနည်တွေကျဆုံးတဲ့နေ့က ဖခင်ကျဆုံးကြောင်း ဆရာသိရှိလိုက်ရတဲ့ အခြေအနေလေး ပြောပြပါဦး။

– မြို့မကျောင်းတက်နေတယ်။ အဲဒီနေ့က ၁၁ နာရီ လောက်ကျတော့ ကျောင်းက အတန်းပိုင်းဆရာမကြီးက ဆရာကြီးက ခေါ်နေတယ်ပြောတော့ ဆရာကြီးဆီသွားတယ်။ ဆရာကြီးက ဒီနေ့စောစော အိမ်ပြန်လိုက်ကြလို့ ပြောတယ်။ အဲဒါနဲ့ ပြန်သွားတယ်။ အဲတုန်းက ကင်းဘဲလမ်း၊ အခုအခေါ်ကတော့ ငါးထပ်ကြီးပေါ့။ ကင်းဘဲလမ်း အမှတ် ၁ဝ အိမ်ကို ဝင်သွား တော့ လူတွေအများကြီးတွေ့တယ်။ အမေကလည်း ငိုနေတာ တွေ့တယ်။ ပြီးတော့ အဖေ့ရဲ့ PA က မန္တလေးကို ဖုန်းဆက် နေသံကြားရတယ်။ ဆရာကြီးနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့တော့ ကျဆုံးသွားပြီဆိုတော့မှ အဲတော့မှ သိတာ။ ဒါပေမဲ့ အဲဒီ အရွယ် ကတော့ သိပ်ပြီးတော့ ခံစားမှုက မပြင်းသေး ဘူးပေါ့။ ကျောင်းကစောစောပြန်ရတယ်ဆိုတော့ ပျော်တယ်။ ကစား တယ်ပေါ့။ အဲဒီမှာ တခုရှိတယ်။ ကျွန်တော်တို့ဘာသာရဲ့ သတ်မှတ်ချက်အရ ချက်ချင်းချရမယ်ဆိုတာရှိတာပေါ့။ အဲဒီ အချိန်မှာ ဟိုလူကလာပြီး ဒါလုပ်ရမယ်။ ဘာသာရေးအသင်းအဖွဲ့ဘက်ကလည်း ဒီဟာကို ချက်ချင်းချရမယ်ဆိုတာမျိုး။ ကျွန်တော့်အဖေရဲ့ အမျိုးတွေက ဗုဒ္ဓဘာသာတွေ သူတို့ကကျတော့ ချက်ချင်းချတာကို မလိုလားဘူး။ အဖေဆုံးတော့ ကျွန်တော်ဦးလေးတွေက ချက်ချင်းရန်ကုန်ကို လိုက်လာတယ်လို့ သိရတယ်။ နောက်တော့ သိရတာက အဖေရဲ့နာရေးကို အစ္စလာမ်အဖွဲ့ကကြီးမှူးပြီးတော့ တာမွေသင်္ချိုင်းမှာ ချက်ချင်းသင်္ဂြိုဟ်လိုက်တယ်ပေါ့။

x အာဇာနည်ကြီးတွေကျဆုံးသွားတော့ ကျန်ခဲ့တဲ့မိသားစုတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ဘယ်လို ကူညီ ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးခဲ့လဲ။

– အဲတုန်းက ပင်စင်ဆိုတာမရှိဘူး။ ကျွန်တော့်အစ်မတို့ ပင်စင်မရဘူး။ လျော်ကြေးအနေနဲ့ မိသားစုတစုကို ၁ သိန်းဆိုတော့ အမေက ၄ သောင်း၊ ကျန်တဲ့ မောင်နှမသုံးယောက်က ၂ သောင်းစီရတယ်။ အဲဒီလျော်ကြေးကို လည်း ကျွန်တော်တို့ လက်ထဲ ပေးတာ မဟုတ်ဘူး။ အဲတုန်းက ဘဏ္ဍာရေးထိန်းသိမ်းရေးအဖွဲ့က မြန်မာ့အလင်း ဦးတင်က ထိန်းသိမ်းပြီး သူကနေ တဆင့် အာဇာနည်မိသားစုဝင်တွေကို တသိန်းစီထုတ်ပေးတာ။ နောက်ပြီးတော့ BOC ကုမ္ပဏီကနေ ခေါင်းဆောင်ကြီးတွေရဲ့မိသားစုတွေကို ဓာတ်ဆီဆိုင်တဆိုင်စီ ဖွင့်ပေးတယ်။ ကော်မရှင်စားပေါ့။ ဓာတ်ဆီဆိုင်ကလည်း အစိုးရသတ်မှတ်ထားတဲ့ ၂ ကျပ်ခွဲနဲ့ ဓာတ်ဆီကိုဝယ်၊ တိုင်ကီထဲထည့်၊ ထည့်ပြီးတော့ ရတဲ့အမြတ်ကို ကော်မရှင်ရတာပေါ့။ အဲဒီတုန်းက ၁ ဂါလန်မှ တမူးပဲ အမြတ်ရတာ။ နောက်ကျတော့ ဦးနေဝင်းအစိုးရက တာဝန်ယူလိုက်တဲ့အခါ အဲဒီဓာတ်ဆီ ဆိုင်တွေကို ပြည်သူပိုင်သိမ်းပြီးတော့ ကျွန်တော်တို့အတွက်ကို တလ ၁ဝဝဝ ပေးတယ်။ ဒါပေမဲ့ အဲဒီ ၁ဝဝဝ က အဒေါ်တို့ တသက်ပဲလို့ ဦးနေဝင်းက အမေ့ကိုပြောတယ်။ မိုင်းပွန်စော်ဘွားကြီး မိသားစုကျတော့ ဓာတ်ဆီဆိုင်မရဘူးလို့ သိရတယ်။

x ဆရာ့အမေကရော၊ ဆရာ့အဖေနဲ့ပတ်သက်ပြီး ဘယ်အကြောင်းအရာတွေကိုများ မကြာခဏပြောပြလေ့ရှိလဲ။

– အမေကပြောတာကတော့ သူ့ယောက်ျားကပြောတယ်တဲ့ မင်းဝတ်ထားတဲ့ လက်ကောက်တွေဟာ တချိန်မှာ တိုင်းပြည် မှာ လိုအပ်လို့ရှိရင် ငါတို့သုံးရမယ်။ ငါတို့လွတ်လပ်ရေးရအောင် လုပ်နေကြတာ။ လွတ်လပ်ရေးရပြီးရင် ငါတို့ကျောင်းမှာ စာသင်မယ်။ ကျောင်းဆရာပဲ လုပ်တော့မယ်ဆိုတဲ့အကြောင်း အမေက ပြန်ပြောပြတတ်တယ်။

x အာဇာနည်နေ့ရောက်ခါနီးပြီဆိုရင် အာဇာနည်မိသားစုဝင်တွေ ဘယ်လိုခံစားရလဲ။

– ငယ်ငယ်တုန်းက ခံစားချက်ထက် ကြီးလာတော့ ခံစားချက်လေးတွေက နည်းနည်းလေးပြောင်းလာတာပေါ့။ ငယ်ငယ် တုန်းက ငါတို့အဖေသေသွားလို့ ငါတို့အဖေသာရှိရင် ဘယ်လိုဖြစ်မယ်ဆိုတာမျိုးပေါ့။ နောက်ပိုင်းကြီးလာတော့ သူတို့သာရှိ နေလို့ရှိရင် ဒီကနေ့တိုင်းပြည်မှာကြုံတွေ့နေရတဲ့ အခက် အခဲတွေ ဖြစ်လာနိုင်မှာမဟုတ်ဘူး ဆိုတာမျိုးလေးခံစား မိလာ တယ်။

x အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အမှတ်တရအသုံးအဆောင်ပစ္စည်းတွေကို အာဇာနည်နေ့အခမ်းအနားမှာ ပြသထား တာတွေ့ရပါတယ်။ အဲဒီပစ္စည်းတွေ တွေ့မြင်ရတဲ့အခါ ဘယ်လိုခံစားရလဲ။

– ကျွန်တော့်အဖေတို့ဆုံးသွားတော့ သူတို့ပစ္စည်းတွေကျန်ခဲ့တာတွေရှိတယ်။ ကျွန်တော် ၂ ခုပဲ စိတ်ဝင်စားတယ်။ တခုက ကျွန်တော်အဖေ့ဝတ်ခဲ့တဲ့ လက်စွပ်။ နောက်ပြီး သက်တော်စောင့်ကိုထွေးရဲ့ သေနတ်။ အဲဒါတွေဘယ်မှာလဲ။ ကျွန်တော် သိတတ်တဲ့အရွယ်မှာ စိတ်ဝင်စားလာတယ်။ စိတ်ဝင်စား တယ်ဆိုတာကလည်း ၁၉၅၆ (၁ဝ)တန်းလောက် ရောက်မှ ခေါင်းထဲမှာပေါ်လာတာပေါ့။ ကျွန်တော့် အဖေပြောဖူးတယ်။ သူ့ရဲ့လက်စွပ်က တခြားလက်စွပ်နဲ့မတူဘူး။ အရင်တုန်းက စာတွေပေးတယ်ဆိုရင် အခုလိုတိပ်တွေ၊ ဘာတွေရှိတာ မဟုတ်ဘူး။ ချိပ်အနီနဲ့ သူ့လက်စွပ်ကို အာငွေ့ပေးပြီးထိုးတာ။ အရေးကြီး တဲ့စာတွေဆိုရင် အဲလိုလုပ်တာ။ R စာလုံးပါတယ်။ ဒါကြောင့် အဲဒီလက်စွပ်ကို စိတ်ဝင်စားတာ။ ဒါကိုလည်း ၂ဝ၁၆ ခုနှစ်လောက်က ဦးမောင်မောင်သိမ်း (ဝန်ကြီးများရုံးဟောင်း ပြုပြင်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ဥက္ကဋ္ဌ) ကိုလည်း အဖေ့လက်စွပ်အကြောင်း ပြောပြမိသေးတယ်။အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ပစ္စည်းတွေကို အမျိုးသားပြတိုက်မှာ ထိန်းသိမ်းထားတယ်။ ပြတိုက်မှာက လက်စွပ်ကို ဘာရေးထားလဲ ဆိုတော့ ကျောက်အမည်းနဲ့လုပ်တဲ့ ရွှေရောင်လက်စွပ်တကွင်း။ အလျားဘယ်လောက်၊ အနံဘယ်လောက် ရှိတယ်ဆိုတာ ပေါ့။ သူတို့ ဘယ်သူ့ပစ္စည်းမှန်းမသိဘူး။ အဲဒီလက်စွပ်ကို တိုက်ချွတ်ကြည့်လိုက်တော့မှ လက်စွပ်မှာ R စာလုံးတွေ့ တယ်ပေါ့။ အဲဒီအချိန်မှာ ဦးမောင်မောင်သိမ်းက ဒါဆိုရင် ဦးတင်မြင့်ပြောတဲ့ လက်စွပ်ပဲဆိုပြီး ကျွန်တော့်အဖေ လက်စွပ်မှန်း သိသွားတာ။ အဲဒါနဲ့ပဲ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုနဲ့တွေ့တော့ အဲဒီ လက်စွပ်ကလေးကို ငှားချင် တယ်။ နမူနာလေးလုပ်ချင်လို့ဆိုတော့ စာရေးဖို့ပြောတယ်။ ချက်ချင်းပဲ စာရေးပြီး သူ့ PA ကိုပေးလိုက်တော့ ခွင့်ပြုပါတယ်။

အဲဒါနဲ့ ပြတိုက်ကိုသွားတယ်။ ပြတိုက်မှူးဆီက ငှားတဲ့ဖောင်မှာဖြည့်ပြီး ယူရတာပေါ့။ အဲဒီလက်စွပ်လေးကို တွေ့လိုက်ရ တော့ တော်တော်လေးကို စိတ်လှုပ်ရှားသွားတယ်။ ကျွန်တော် နှစ်ပေါင်းများစွာ လိုချင်တဲ့လက်စွပ် ကလေး။ အဖေဝတ်ခဲ့တဲ့ လက်စွပ်လေးဆိုတော့ ကြက်သီးမွေးညင်းတောင်ထတယ်။ အဲဒါနဲ့ ယူလာပြီး ပီအောထွန်းရင်ကို ပြလိုက်တယ်။ နောက်တော့ ကျောက်အကြောင်းနားလည်တဲ့ အပေါင်းအသင်းကို မေးကြည့်တော့ ဒီလက်စွပ်က ကျောက်အမည်းနဲ့ လုပ်တာမဟုတ်ဘူး။ ကျောက်စိမ်း ဖြစ်နေတယ်။ အောက်ကနေပြီးတော့ ကျောက်ကြည့်တဲ့မီးနဲ့ ထိုးကြည့်လိုက်တော့ ကျောက်စိမ်းဖြစ်နေတာပေါ့။ အဲဒါနဲ့ အိမ်ပြန်လာတယ်။ ဘူမိဗေဒသူငယ်ချင်းကို ပြပြီးတော့ သူကကျောက်အမည်းပေါ်မှာ ထွင်းပြီးတော့ ကျွန်တော်ရယ်၊ ကျွန်တော့်ညီရယ်၊ နှမရယ်တခုစီ လုပ်လိုက်တယ်။ ဒါကတော့ ကြုံတွေ့ရတဲ့အထဲမှာ ကျွန်တော့်အတွက် အမှတ်တရပေါ့။နောက်တခုသိချင်တာကတော့ ကိုထွေးရဲ့သေနတ်။ ဒါက သမိုင်းတွင်မယ့်ကိစ္စ။ သူကပစ်ဖို့ ကြိုးစားခဲ့တာလေ။ ဒီသေနတ် က ကျွန်တော်မှတ်မိတယ်။ ဆင်စွယ်ရောင်သေးသေးလေးပါ။ ကျွန်တော်က အဖေ့ရုံးကိုသွားနေတော့ ကိုထွေးကို ရင်းနှီး နေတာ။ သူ့သေနတ်ကိုတော့ ယူယူပြီးတောင်ဆော့ဖူးတယ်။ အဲဒါကြောင့် ကိုထွေးရဲ့ သေနတ်ကို သိနေတယ်။ ကောင်းကောင်းမှတ်မိနေတယ်။ အဲဒီသေနတ်က သမိုင်းအထောက်အထားတခုအနေနဲ့ ရှိနေသင့်ပါတယ်။ကျေးဇူးတင်ပါတယ်။

Credit-စောင့်ကြည့်သတင်းဂျာနယ်