စာရင်းကိုင်သင်တန်းတက်နေသူ အမျိုးသမီးအား ရည်းစားဖြစ်သူမှ ဓားဖြင့်ဝင်ရောက်ထိုးခဲ့သည့်အမှုနဲ့ပတ်သက်ပြီး သေဆုံးသူ၏ အကိုမှ အနူးအညွတ်တောင်းဆို

မူးယစ်ဆေးဝါးလည်းသုံးထားတယ်။ ကြိုတင်ကြံစည်မှုလည်းသိသာနေတယ်။ သေစေလိုတဲ့ရည်ရွယ်ချက်ရှိရှိနဲ့ကို တချက်တည်းမဟုတ် ၆ချက်တိတိဓားနဲ့ထိုးသွင်းပြီး ကျွန်တော့်ညီမလေးကို သတ်သွားတဲ့ လူတယောက်လို့မခေါ်ထိုက်တဲ့သက်ရှိဝတ္တုတခုအတွက် ကျေအေးခြင်းကလုံးဝမရှိပါဘူး။ ဘာသာတရားအဆုံးအမတွေက ခွင့်လွှတ်ဖို့၊ သည်းခံဖို့၊ အချင်းချင်းချစ်ကြဖို့သွန်သင်နေပေမယ့် ဒီအမှုကိုနောက်ဆုတ်ဖို့အတွက် ကျွန်တော် သူတော်စင်တပါးမဟုတ်ဘူး။ ဒီအရာဝတ္တုကိုလွှတ်ပေးလိုက်လို့ ကျွန်တော့်ညီမလေးလို နောက်ထပ်ဘယ်နှစ်ယောက်ထပ်ပြီးစတေးခံရမလဲ။ ဘယ်သူမှမသိနိုင်ဘူး။ ဒီလိုအဖြစ်မျိုးနောက်ထပ်မဖြစ်စေရပါဘူးလို့ အာမခံနိုင်တဲ့သူကလည်း ရွာသာကြီး(စိတ်ကျန်းမာရေးဆေးရုံ) ကအတွင်းလူနာတယောက်ပဲဖြစ်မှာ တထစ်ချယုံကြည်တယ်။ ကျွန်တော့်ညီမလေးလို နောက်ထပ်အပြစ်မရှိသူတွေမဆုံးရှုံးရအောင် တရားဥပဒေက မှန်မှန်ကန်ကန်စီရင်ပေးဖို့ အနူးအညွတ်တောင်းဆိုပါတယ်။ မိသားစုဝင်အားလုံးစိတ်သက်သာရဖို့ဆိုတာထက် အမှန်တရားကိုချစ်မြတ်နိုးတဲ့ပြည်သူတယောက်အနေနဲ့တောင်းဆိုပါတယ်။ (ကျွန်တော်က မန္တလေးLCCI သင်တန်းကျောင်းမှာဓားထိုးခံရပြီးသေသွားတဲ့ကျောင်းသူ မအေးမွန်သန့်ရဲ့အကိုဖြစ်ပါတယ်။)

ဖြစ်စဉ်မှာ – မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ကဉ္စနမဟီရပ်ကွက် ၇၈ လမ်း နှင့် ၃၄ လမ်းထောင့် Sky Wall shopping mall (၃) လွှာရှိ LCCI စာရင်းကိုင်သင်တန်းတွင် အောက်တိုဘာလ (၂၃) ရက် နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က အမျိုးသမီး (၁) ဦး ဓားဖြင့်ထိုးသတ်ခံရမှုဖြစ်ပွားခဲ့သည် ။

အသတ်ခံရသည့် အမျိုးသမီးမှာ LCCI စာရင်းကိုင်သင်တန်း တက်နေသောသင်တန်းသူ(၁)ဦးဖြစ်သည့် မအေးမွန်သန့် ဖြစ်ပြီး ၎င်း၏ရည်စားဖြစ်သူ မောင်လတ်အောင် (ခ) အောင်အောင် က ဓါးဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည် ။ မောင်လတ်အောင် (ခ) အောင်အောင် က အရိုးအသွား (၁၀) လက်မခန့်ရှိ စတီးဓားဖြင့်ထိုးရာ မအေးမွန်သန့်၏ ဝဲဘက်ရင်အုံထိုးသွင်းဒဏ်ရာ (၁) ချက်၊ ဝဲရင်ညွန့်ထိုးသွင်းဒဏ်ရာ (၁) ချက်၊ ယာဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ (၁) ချက် ဒဏ်ရာများရရှိခဲ့ပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်စဉ်သေ‌ဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျုးလွန်သူ မောင်လတ်အောင် (ခ) အောင်အောင်အား ချက်ချင်းဖမ်းဆီးရမိခဲ့ပြီး အမှတ် (၈) မြို့မရဲစခန်းတွင် (ပ)၆၉၅/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး နှင့် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး တို့ထံသို့ ဆက်သွယ် စုံစမ်းမေးမြန်းသော်လည်း ဖြေကြားခြင်းမရှိခဲ့ပေ ။

Credit-ပဉ္စမမြောက်လှိုင်းမီဒီယာ