စာသင်ကျောင်းဝင်း အများမြင်ကွင်း၌ ကျင်ငယ်စွန့်ကာမဖွယ်မရာပြုလုပ်သည့် တရုတ်လူမျိုး ၁၅ ဦးကို အရေးယူ
အခြေခံပညာအထက်တန်းကျောင်းအတွင်းလူအများမြင်ကွင်း၌ အပေါ့စွန့်ကာမဖွယ်မရာပြုကျင့်နေသည့် တရုတ်လူမျိုးများကို အရေးယူလိုက်သည့်ဖြစ်စဉ်တစ်ခု မြ၀တီမြို့တွင် ဖြစ်ပွားကြောင်း သတင်းရရှိသည်။ကရင်ပြည်နယ်၊ မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်မြေရွှေဘိုရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ နိုဝင်ဘာလ ၁ ရက်တွင် ၁၀ တန်းကျောင်းသူ/သားများ အတန်းတင်စာမေးပွဲအတွက် လေ့ကျင့်ရေးအချိန်ပိုဆင်းနေကြချိန်တွင် ယခုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ညနေ ၆ နာရီတွင် စာသင်ကြားနေကြသော ကျောင်းသူ/သားများကို မိဘအုပ်ထိန်းသူများကကျောင်းဝင်းအတွင်း စောင့်ဆိုင်းကြိုနေကြချိန်၌ စာသင်ကျောင်းဘေးတွင်ဖွင့်လှစ်ထားသော စီချွမ်းတရုတ်စားသောက်ဆိုင်မှ အရက်သေစာသောက်စား မူးယစ်နေသည့် တရုတ်နိုင်ငံသား ၄ ဦးမှာ ကျောင်းဝင်းထဲသို့ဝင်လာပြီး အပေါ့များစွန့်ပြနေသည့်အပြင်ကျောင်းအရှေ့ဘက်၌လည်း တရုတ် ၁၁ ဦးတို့ကအလားတူ ပြုမူနေခဲ့ကြခြင်း ဖြစ်သည်။
“လူအများမြင်ကွင်းမှာ အခုလိုပြုမူနေကြတာပေါ့။ အဲဒီတရုတ်တွေက တရုတ်ပြည်၊ စီချွမ်းပြည်နယ်မှာနေထိုင်ကြသူတွေဖြစ်ပြီး ဒီမြဝတီမြို့၊အမှတ်(၂ရပ်ကွက်)၊ (၁၂) ဂိတ်ထဲက ကာစီနိုလောင်းကစားရုံမှာ အလုပ်လုပ်နေကြတဲ့ အထွေထွေလုပ်သားတွေဖြစ်တယ်လို့သိရပါတယ်။ စုစုပေါင်း ၁၅ ဦးပါ။ မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ကျွန်တော်တို့လည်း သိရတယ်” ဟု ယင်းမြို့နယ်နေ မြို့ခံပြည်သူတစ်ဦးက ပြောသည်။ယင်းအတွက်ကြောင့် ပြစ်မှုကျူးလွန်သည့် အဆိုပါတရုတ်အမျိုးသား ၁၅ ဦးတို့ကို မြဝတီမြို့မရဲစခန်းက (ပ)-၁၂၃၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ – ၂၉၄/၂၁၄ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Credit-အကုန်သိ