လက်နက်ကိုင်ပဋိပက္ခဖြစ်ပါက ပြည်သူနှင့်တစ်သားတည်းရှိသော လွှတ်တော်ကိုယ်စားလှယ်များလည်း ဒုက္ခရောက်ကြရဟု ဆို

လက်နက်ကိုင်ပဋိပက္ခဖြစ်ပါက ပြည်သူသာမက ပြည်သူနှင့်တစ်သားတည်းရှိသော လွှတ်တော်ကိုယ်စားလှယ်များလည်း ဒုက္ခရောက်ကြရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်တွင် နိုဝင်ဘာလ (၈)ရက်ကကျင်းပသည့် နိုင်ငံရေးအကျဉ်သားဟောင်းများ၏ သားသမီးများကိုပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲတွင် အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။“ကျွန်တော်တို့ပြောချင်တာကတော့ ပြည်သူတွေမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ရင် ဒုက္ခရောက်မှာပါပဲ။ အဲဒီတော့ ပြည်သူနဲ့တစ်သားတည်းရှိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကလည်းဒုက္ခရောက်ကြရတာပဲ။ ပြည်သူတွေကြားထဲမှာ သွားလာလှုပ်ရှားနေရင် အန္တရာယ်ရှိမယ်ဆိုတာဒါကတော့သဘာဝပါပဲ” ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

Facebook ပေါ်တွင် ပျံ့နှံ့နေသည့် အေအေ အဖွဲ့၏ထုတ်ပြန်ချက်တွင် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ရခိုင်တစ်မျိုးသားလုံး၏ လုံခြုံရေးနှင့် ရခိုင်ပြည်သူလူထုအကျိုးစီးပွားအပေါ် သစ္စာဖောက်ဖျက်မှု ရှိ/မရှိ သိရှိစေရန်ခေတ္တခေါ်ယူထိန်းသိမ်းထားပြီး စစ်ဆေးခဲ့ရာ ဦးဝှေ့တင်းသည် တပ်မတော်အား မိမိတို့သတင်းများပေးခြင်း၊ မိမိတို့ရခိုင်ဒေသအတွင်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများကို မိမိတို့အား အသိမပေးဘဲ ပြုလုပ်စေခဲ့ခြင်းဖြင့် ရခိုင်ပြည်သူလူထုအကျိုးစီးပွားအပေါ် သစ္စာဖောက်ဖျက်ခဲ့ခြင်းများရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။

ထို့ကြောင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ဒဏ်ကြေးငွေသိန်း ၃၀၀၀ ဖြင့် လာရောက်ရွေးယူရန်နှင့် မရွေးယူပါက လိုအပ်သည့်အရေးယူမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ အေအေ အဖွဲ့အနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော ဆုထူးစံကုမ္ပဏီနှင့် နန်းမှန်သစ္စာကုမ္ပဏီမှ ဝန်ထမ်း ၉ ဦးအား လည်းကောင်း၊ ရွှေပြည်သစ် Express ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူများထဲမှ စစ်ဆေးရန်ခေါ်ထားခဲ့သူ များအနက် ၁၂ ဦးအားလည်းကောင်း၊ ရွှေနဒီအမြန်ရေယာဉ်ပေါ်၌ လိုက်ပါလာသော ခရီးသည်များအနက် ၂၅ ဦးကိုလည်းကောင်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း ယင်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် နိုဝင်ဘာလ ၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားမှုတွင် ရွှေပြည်သစ် Express ယာဉ်ပေါ်မှ စစ်ဆေးရန်ခေါ်ယူ ထားခဲ့သူများအနက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးအား ပြန်လည်လွှတ်ပေးခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းမှလွဲ၍ အခြားသောအရပ်သားသုံ့ပန်း တစ်ဦးတစ်ယောက်မျှ မရှိတော့ကြောင်းလည်း ဖော်ပြထားသည်။

Credit-အကုန်သိ