ကမ္ဘောဇသာဒီနန်းတော် ခင်ခင်ကြီးရုပ်ထုရှိတဲ့ မှန်အခန်းကို ရိုက်ခွဲပြီး အိမ်မက်အရ ပွေ့ဖက်ခဲ့သူ ဖမ်းခံရ

တောင်ငူ-ဟံသာဝတီခေတ် တစ်ခုမှာ မြန်မာတို့ရဲ့ သမိုင်းအဖြစ်ကျန်ရစ်ခဲ့တဲ့ နန်းတော်ကြီး တစ်ခုရှိပါတယ်။ ဘုရင့်နောင် မင်းတရားကြီးရဲ့ အမြော်အမြင်အရ ကမ္ဘောဇသာဒီ နန်းတော်ကြီး ကို တည်ထောင်ထားခဲ့တာဖြစ်ပါတယ်။ အဆိုပါ နန်းတော်ကြီးကတော့ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့မှာတည်ရှိပါတယ်။ ဒီ ကမ္ဘောဇသာဒီနန်းတော်ကြီးမှာ ဟံသာဝတီရှင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးရုပ်တု၊ မိဖုရား ခေါင်ကြီး ခင်ခင်ကြီး၏ရုပ်ထုပြခန်း၊ မယ်တော်ဆုပန်ကလျာနန်းဆောင်နှင့်ရုပ်ထု၊ ကျွန်းလုံးတိုင်ပြတိုက်၊ ဘမရာသနပလ္လင်တော်ဆောင်၊ ပြင်နန်းတော်စတင်တည်ဆောက်ထားသော ကျွန်းလုံးတိုင်ကြီးများ၊ ခေတ်အဆက်ဆက် တူးဖော်ရရှိသော ရှေးဟောင်းပစ္စည်းများ၊ ဘုရင့်နောင်မင်းတရားကြီး အသုံးပြုခဲ့သော မြင်းရထားပုံစံငယ်နှင့် အသုံးဆောင်ပစ္စည်းများကို ပြသထားပါတယ်။

အဆိုပါ ကမ္ဘောဇသာဒီ နန်းတော်ကြီးရှိ မိဖုရား ခေါင်ကြီး ခင်ခင်ကြီး၏ရုပ်ထုပြခန်းကြီးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နေ့လည် ၁ နာရီခွဲချိန်ခန့်က ပြခန်းရှိမှန်များကို ချိုးဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ အဆိုပါ ဖြစ်စဉ်ကို ကျူးလွန်ခဲ့သူဟာ မွန်ပြည်နယ် ဇင်းကျိုက် ရပ်ကွက် (၁၁) နေ (၃၃) နှစ် အရွယ်ရှိ ထွန်းလင်း(အဖအမည် ဦးနှုတ်)ဆိုသူမှ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ကျူးလွန်သူဟာ အိပ်မက်အရ မိဖုရား ခင်ခင်ကြီးရုပ်ထုအား လာရောက်ဖက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အသင့်ပါလာတဲ့ တူနဲ့ မှန်ခန်းကို ရိုက်ခွဲခဲ့တာဖြစ်ပါတယ်။ နယ်မြေခံ ရဲတပ်ဖွဲ့မှာ အဆိုပါ အမှုကျူးလွန်သူကို ချက်ခြင်း ဖမ်းဆီးခဲ့ပြီး၊ လက်ရှိအချိန်မှာ စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

ထူးဆန်းတဲ့ အမှုလို့ ဆိုရမှာပါပဲ။ အိပ်မက်အရ သမိုင်းဝင် ပစ္စည်းကို ဖျက်စီးဝင်ရောက်ဖို့ဆိုတာ တော်တော် ယုံကြည်မှုနဲ့တော့ မဖြစ်နိုင်ပါဘူးနော်။ ဒီလို လုပ်ရင် အဖမ်းခံရမယ်ဆိုတာ သိလျက်နဲ့ လုပ်တာဆိုတော့ သူ့ရဲ့ယုံကြည် သက်ဝင်မှုက အတိုင်းမသိပါပဲနော် ပရိတ်သတ်ကြီး ……။