မွန်ဂိုလီးယားအသင်းကို ရှုံးကြွေးဆပ်ပြီး မြန်မာအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအောက်ဆုံးအဆင့်မှ ရုန်းထွက်နိုင်ခဲ့
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲ အိမ်ကွင်းပွဲစဉ်အဖြစ် မွန်ဂိုလီးယားလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် ၁-၀ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပထမအကျော့အဝေးကွင်း၌ ရှုံးနိမ့်ထားမှုကို ပြန်လည်ချေပနိုင်ခဲ့သည့်အပြင် အုပ်စုအောက်ဆုံးနေရာ၌
ရပ်တည်နေမှုမှလည်း ရှုန်းထွက်နိုင်ခဲ့သည်။
နိုဝင်ဘာလ ၁၉ရက် ညနေပိုင်းက မန္တလေးမြို့၊ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာအသင်းနှင့်မွန်ဂိုလီးယားအသင်းတို့
ပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်းက တာဂျစ်ကစ္စတန်အသင်းကို အနိုင်ရရှိခဲ့သော လူစာရင်းအတိုင်း ဂိုးသမားနေရာ၌ ကျော်ဇင်ထက်၊
နောက်တန်း၌ အသင်းခေါင်းဆောင် ဇော်မင်းထွန်း၊ ငြိမ်းချမ်း၊ ဒေးဗစ်ထန်း၊ ကျော်ဇင်လွင်၊ အလယ်တန်း၌ မောင်မောင်လွင်၊ လှိုင်းဘိုဘို၊ မျိုးကိုထွန်း၊ ရန်နိုင်ဦး၊ ရှေ့တန်း၌ အောင်သူ၊ ဆောင်လမန်တို့ဖြင့် ပွဲထွက်လာ၍ ယှဉ်ပြိုင်ကစားခဲ့သည်။
ပထမအကျော့ပွဲစဉ်တွင် မွန်ဂိုလီးယားအသင်းကို ၁-၀ဂိုးဖြင့် ရှုံးနိမ့်ထားခဲ့သော မြန်မာအသင်းသည် ယခုဒုတိယအကျော့ပွဲစဉ်၌ရလဒ်ကောင်းရယူနိုင်ရန် ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် တိုက်စစ်ဆင်ကစားသွားခဲ့ပြီး ပွဲချိန် ၁၇မိနစ်တွင်ရရှိခဲ့သော လှိုင်းဘိုဘို၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ယင်းပွဲစဉ်တွင် မွန်ဂိုလီးယားအသင်းက ချေပဂိုးရရှိနိုင်သည့် တိုက်စစ်ဆင်မှု တစ်ချို့ကို ပြုလုပ်နိုင်ခဲ့သော်လည်း ဂိုးသမား ကျော်ဇင်ထက် နှင့် နောက်တန်းကစားသမားများက အကောင်းကာကွယ်နိုင်ခဲ့သောကြောင့် မြန်မာအသင်း အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ထိုနိုင်ပွဲကြောင့်မြန်မာအသင်းသည် ပွဲစုပွဲစဉ်လေးပွဲ အုပ်စုအောက်ဆုံး အဆင့်နေရာ၌ ရပ်တည်နေခဲ့ရာမှ အုပ်စုစတုတ္ထနေရာသို့ တက်လှမ်း သွားနိုင်ခဲ့သည်။
ပြည်မြန်မာ