ဦးဝှေ့တင်းအား အရေးယူမှုတစ်စုံတစ်ရာ ပြုလုပ်ပါက ဒေသတွင်း ပဋိပက္ခ ဖြစ်ပွားလာနိုင်သည်ဟု ပြည်နယ်ဝန်ကြီးပြောကြား

ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဂှေ့တင်းအား အေအေ အနေဖြင့် ပြန်မလွှတ်ဘဲ အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်ပါက ဒေသအတွင်း၌ ပဋိပက္ခဖြစ်ပွားလာနိုင်သည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်က ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဝန်ကြီးဦးစိုးထက်က “လွှတ်တာမျိုး မဟုတ်ဘဲနဲ့ ပြဿနာကြီးကြီးမားမား တစ်ခုခု ဖြစ်သွားမယ် ဆိုရင်တော့ ဒေသမှာတော့ ပဋိပက္ခ ဖြစ်မယ် ထင်တယ်။ ကျွန်တော်တို့ဘက်က လူငယ်တွေ အခုဆိုရင် တော်တော် များများက ဒီကိစ္စက မဖြစ်သင့်ဘူးပေါ့နော်။ နိုင်ငံတကာကလည်း မဖြစ်သင့်ဘူး ပြောတယ်။ ပြည်တွင်းပြည်ပ အားလုံးကလည်း မဖြစ်သင့်ဘူး ပြောတဲ့ကြားမှာ လွတ်မြောက်တဲ့ အဆင့်ကို မရောက်လာဘူးဆိုရင် မြေပြင်မှာ ပဋိပက္ခက ဆိုးလာမယ်” ဟု သုံးသပ်ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဦးဝှေ့တင်းအပေါ် စွပ်စွဲသော အေအေ ၏ စွပ်စွဲချက်များသည် အခြေအမြစ် မရှိသော လုံးဝမှန်ကန်မှု မရှိသော စွပ်စွဲချက်များဖြစ်သည်ဟု ချင်းအမတ် တစ်ဦး ဖြစ်သော ဦးပါထန်းက ဦးဝှေ့တင်းကိစ္စ အရေးကြီးအဆိုကို လွှတ်တော်တွင် ဆွေးနွေးသည့်နေ့က ပြောကြားခဲ့ကြောင်း သိရှိရသည်။ပလက်ဝ ခရစ်ယာန်အသင်းတော်များ ကောင်စီ၏ ထုတ်ပြန်ချက် ထဲတွင်လည်း ဦးဝှေ့တင်းသည် ဘာသာရေး ရိုသေကိုင်းရှိုင်းသော ခူမီး (ချင်း) ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ပြီး ဘာသာရေး ပဋိပက္ခဖြစ်အောင် လုပ်ဆောင်သူ တစ်ဦး မဟုတ်ဟုဖေါ်ပြထားကြောင်း သိရှိရသည်။

ဦးဝှေ့တင်း အဖမ်းခံရသည်မှာ ရက်သတ္တပတ် နှစ်ပတ် ကျော်လွန် ခဲ့ပြီဖြစ်ပြီးအေအေ မှ ပြောရေးဆိုခွင့် ရှိသူ၏ မီဒီယာများသို့ ပြောကြားသော ပြောကြားချက်များအရ ပြန်လွှတ်ပေးမည့် အရိပ်အရောင်ကို မတွေ့ရသေးပေ။

Source-MON