ဂျပန်အစိုးရက အရေးပေါ်ထောက်ပံ့ချေးငွေအဖြစ် ဒေါ်လာ သန်း ၂၈၀ ခန့် မြန်မာနိုင်ငံသို့ ပေးအပ်မည်
COVID-19 ကြောင့် ကြုံတွေ့ရသည့် အကျပ်အတည်းများကို တုံ့ပြန်ဆောင်ရွက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၈၀ ခန့်ရှိ အရေးပေါ်အထောက်အပံ့ချေးငွေကို မြန်မာနိုင်ငံသို့ပေးအပ်ရန် ဂျပန်နှင့် မြန်မာနိုင်ငံတို့အကြား စာချွန်လွှာလက်မှတ်ရေးထိုးလဲလှယ်ခြင်းကို စက်တင်ဘာ ၁ ရက်တွင် ပြုလုပ်သည်။ ယင်းသဘောတူညီမှုကို ဂျပန်နိုငငံဘက်မှ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr.Maruyama Ichiro နှင့် မြန်မာနိုင်ငံဘက်မှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းတို့က အသီးသီးလက်မှတ်ရေးထိုးခဲ့ကြသည်။
ကိုဗစ်ဆိုင်ရာ အကျပ်အတည်းများကို တုံ့ပြန်ဆောင်ရွက်ရန်အတွက် အရေးပေါ်ဘက်ဂျက် အထောက်အပံ့အဖြစ် ဂျပန်ယန်း ၃၀ ဘီလီယံ (အမေရိကန် ဒေါ်လာ သန်း ၂၈၀ ခန့်) တန်ဖိုးရှိသော အရေးပေါ်အထောက်အပံ့ချေးငွေ (ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအစီအစဉ်ဆိုင်ရာချေးငွေ)နှင့်ပတ်သက်သည့် စာချွန်လွှာကို လက်မှတ်ရေးထိုးလဲ လှယ်ခဲ့ကြကြောင်း ဂျပန်သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ မြန်မာနိုင်ငံရှိ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးအစီအမံများကို မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံသူနိုင်ငံသားများ ကြိုးပမ်းအားထုတ်၍ စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် ဂျပန်နိုင်ငံအစိုးရအနေဖြင့် အထူး လေးစားဂုဏ်ယူမိကြောင်း၊ ယင်းချေးငွေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး အခြေခံအဆောက်အအုံများအတွက် သင့်လျော်ကောင်းမွန်သော ပတ်ဝန်းကျင်ဖန်တီးနိုင်ရန် လိုအပ်သောမူဝါဒများနှင့် အဖွဲ့အစည်းများကို ဖွံ့ဖြိုးတိုးတက်စေပြီး မြန်မာနိုင်ငံ၏ လူမှု စီးပွားရေးအခြေအနေ သက်ဝင်လှုပ်ရှားလာစေရန် ရည်ရွယ်ကြောင်း ဂျပန်သံရုံးက ဆိုသည်။
ချေးငွေအတိုးနှုန်းမှာ နှစ်စဉ် ၀.၀၁ ရာခိုင်နှုန်းဖြစ်ပြီး ချေးငွေကာလ နှစ် ၄၀ (ဆိုင်းငံ့ကာလ ၁၀ နှစ်အပါအဝင်) ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံအစိုးရသည် ကိုဗစ်ရောဂါတိုက်ဖျက်ရာတွင်သာမက နိုင်ငံတော်တည်ဆောက်ရေးနှင့် မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် ကဏ္ဍအသီးသီးတွင်ပါ ထောက်ပံ့ကူညီမှု များကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဂျပန်သံရုံး၏ ထုတ်ပြန်ချက်က ဆိုသည်။
မင်းထင်