မြင်းခြံမြို့မှ ပိုးတွေ့လူနာ (Case 788) နှင့်ထိတွေ့မှု ရှိသူ ၃ ဦး COVID-19 တွေ့ရှိ ၊အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း (Facility Quarantine) ပြုလုပ်ထားသူများဟုဆို

မြင်းခြံမြို့မှ ပိုးတွေ့လူနာ (Case 788) နှင့်ထိတွေ့မှုရှိသူများအနက်မှ ၃ ဦး COVID-19 ပိုးတွေ့ရှိခဲ့ပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း (Facility Quarantine) ပြုလုပ်ထားသူများဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ရောဂါဆိုင်ရာ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက သိရသည်။ မြင်းခြံမြို့မှ ပိုးတွေ့လူနာ (Case 788) နှင့်ထိတွေ့မှုရှိသူ ၁၉ ဦးအား စက်တင်ဘာလ ၁ ရက်က ဓာတ်ခွဲနမူနာများ (Swab)ရယူ စစ်ဆေးခဲ့ရာ ၃ ဦး COVID-19 ပိုးတွေ့ရှိခဲ့ခြင်းဟု သိရသည်။

“မြင်းခြံကတွေ့တဲ့ လူနာရဲ့အမျိုးသမီးနဲ့သားကို ဟိုတယ်ရွှေပြည်သာမှာ Quarantine လုပ်ထားတာရှိတယ်၊ သူတို့က Positive ဖြစ်ခဲ့တာပါ၊ Swab ကတော့အများကြီးယူပြီး စစ်ထားတာပါ၊ ၅၀ ကျော်တောင်ရှိပါတယ်၊ Positive ဖြစ်လို့ ကန်တော်နဒီကို ပို့လိုက်ပါပြီ၊ မြင်းခြံကတွေ့တဲ့သူကတော့ အမျိုးသား Contacts Person ထဲကပဲ တွေ့ခဲ့တာပါ၊ မြင်းခြံဒီဂရီ ကောလိပ်မှာလည်း သူ(Case 788) နဲ့ထိတွေ့ခဲ့တဲ့သူတွေ ထည့်ထားတာတွေ ရှိပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ရောဂါဆိုင်ရာ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစိုင်းပန်ဆိုင်းက သြဂုတ်လ ဒုတိယပတ်အတွင်းက ပြောကြားထားသည်။  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂ ရက်နေ့ ညပိုင်းက ထုတ်ပြန်ချက်တွင် ပိုးတွေ့လူနာသစ် ၅၇ ဦးထိရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ချမ်းအေးသာစံမြို့နယ်မှ ၂ ဦး၊ မြင်းခြံမြို့မှ ၁ ဦး COVID-19 အတည်ပြု ပိုးတွေ့လူနာသစ် ၃ဦး ပါရှိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် ၃ဦးသည် ပိုးတွေ့လူနာ (Case 788) နှင့်ထိတွေ့မှုရှိသူများ ဖြစ်ကာ ချမ်းအေးသာစံမြို့နယ်မှ ၂ ဦးသည် ဟိုတယ်ရွှေပြည်သာတွင် Hotel Quarantine ပြုလုပ်ထားသည့် အသက် ၄၇ နှစ်အရွယ် အမျိုးသမီး၊ အသက် ၂၂ နှစ်အရွယ် အမျိုးသားတို့ဖြစ်ပြီး မြင်းခြံမြို့ပိုးတွေ့လူနာသည် အမျိုးသားဖြစ်ကာ မြင်းခြံမြို့ရှိ မြင်းခြံဒီဂရီ ကောလိပ်တွင် ဖွင့်လှစ်ထားသည့် Community Based Facility Quarantine Center တွင် (Facility Quarantine) ပြုလုပ်ထားသူများဟု သိရသည်။ မြင်းခြံမြို့မှ ပိုးတွေ့လူနာ (Case 788)သည် မြင်းခြံမြို့၊ အမှတ် ၆ ရပ်ကွက်တွင် နေထိုင်သူဖြစ် အသက် ၄၇ နှစ်အရွယ် အမျိုးသားဖြစ်ကာ သြဂုတ် ၁၈ ရက်က MNA လေကြောင်းလိုင်းဖြင့် တံတားဦလေဆိပ်မှ ရန်ကုန်သို့ သွားရောက်ခဲ့ပြီး သြဂုတ် ၁၉ ရက်တွင် KBZ လေကြောင်းလိုင်းဖြင့် ရန်ကုန်လေဆိပ်မှ တံတားဦးလေဆိပ်သို့ ပြန်လည်ရောက်ရှိကာ ကိုယ်ပိုင်မော်တော်ကားဖြင့် မြင်းခြံမြို့နေအိမ်သို့ ပြန်ခဲ့ကြောင်း သိရသည်။

ပိုးတွေ့လူနာ (Case 788)သည် ရန်ကုန်မြို့မှ မြင်းခြံမြို့နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး သြဂုတ် ၂၃ ရက်တွင် ဖျားနာလာ သဖြင့် မြင်းခြံမြို့ အမှတ် ၅ ရပ်ကွက်နေ ဆရာဝန်ထံ သွားရောက်ကုသခဲ့ရာ မသက်သာသဖြင့် အမှတ်(၉) ရပ်ကွက်ရှိ သမားတော်ဆရာဝန်ကြီးဖြင့် ထပ်မံကုသခဲ့သလို သြဂုတ် ၃၀ ရက်တွင် အမှတ် (၆) ရပ်ကွက်မှ ဆရာဝန်တစ်ဦးအား အိမ်သို့ပင့်၍ ကုသခဲ့ရာ မသက်သာသဖြင့် အဆိုပါဆရာဝန်က မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့သည်။ ထိုသို့ လွှဲပြောင်းပေးပြီးနောက် သြဂုတ် ၃၀ ရက်မှာပင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံ၌ ၀င်ရောက်ပြသခဲ့ပြီးနောက် မန္တလေးဆေးရုံကြီးသို့ ရောက်ရှိခဲ့ရာမှ ဓာတ်ခွဲနမူနာ(Swab) ယူ စစ်ဆေးခဲ့ရာ COVID-19 အတည်ပြု ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သြဂုတ်လ ၁၈ ရက်က ပြန်လည်ရောက်ရှိလာပြီးနောက် ဖျားနာမှု ရှိလာခြင်းကြောင့် ဆေးခန်းပြသရာက မသက်သာသဖြင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ပုဂ္ဂလိကဆေးရုံသို့ လာရောက်ပြသခဲ့ကြောင်း သိရသည်။ ပုဂ္ဂလိကဆေးရုံသို့ သြဂုတ် ၃၀ ရက်နံနက်ပိုင်းက လာရောက်ပြသခဲ့ပြီး မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့သဖြင့် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ခြင်းဟု သိရသည်။ ချမ်းအေးသာစံမြို့နယ်မှ ပိုးတွေ့လူနာများကို ၆၂လမ်းပေါ်ရှိ ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်သလို မြင်းခြံမြို့မှ ပိုးတွေ့လူနာကိုလည်း မြင်းခြံခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။ ယခုအခါ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်းပေါ်ရှိ ကန်တော်နဒီဆေးရုံကြီးတွင် လက်ခံကုသပေးနေသည့် COVID-19 ပိုတွေ့ ၅ ဦးထိ ရှိလာပြီဖြစ်ကာ COVID-19 ပိုတွေ့လူနာ ၃ ဦးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ဆေးဝါးကုသမှုများ ပြုလုပ်ပေး လျက်ရှိကြောင်း သိရသည်။

သြဂုတ် ၃၁ ရက် ညပိုင်းက ထုတ်ပြန်ချက်တွင် ပါရှိခဲ့သည့်မြင်းခြံမြို့မှ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ဆေး လာကုသသည့် အသက် ၄၇ နှစ်အရွယ် အမျိုးသား ပိုးတွေ့လူနာ (Case 788)၏ နေအိမ်နှင့် ထိတွေ့မှုရှိခဲ့သူများကိုလည်း အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း (Facility Quarantine)ပြုလုပ်ထားကြောင်း မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ သိရသည်။ ယခုအခါ မြင်းခြံမြို့နယ်အတွင်း Coronavirus Disease 2019 (COVID-19) ရောဂါဆိုင်ရာ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေး လျက်ရှိကြောင်း သိရသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂ ရက် ညပိုင်း ၈ နာရီထိ သတင်းထုတ်ပြန်ချက်များအရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၉၉၅ ဦးထိရှိပြီး ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၅၉ ဦး ရှိလာသည့်အနက်မှ ၃၄၈ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

Pyi Myanmar